စာ ၁၆
ဉာဏ် လင်းသစ် သု တေသနအဖွဲ့
၅.၂။ တိုင်းစစ်ဌာနချုပ်များဖွဲ့စည်းမှုသမိုင်း
တိုင်းစစ်ဌာနချုပ်များ ဖွဲ့စည်းတည်ဆောက်မှုနှင့် အရေအတွက်များမှာ လွတ်လပ်ရေး အကြိုကာလနှင့်
လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် မတူညီကြပေ။ လွတ်လပ်ရေးအကြိုကာလ ၁၉၄၄ နှစ်ဦးပိုင်းတွင် ဗမာ့
တပ်မတော်ကို အင်အားတိုးချဲ့၍ တပ်ရင်းတပ်ဖွဲ့များ ထပ်မံဖွဲ့စည်းရာတွင် အနောက်မြောက်ပိုင်းတိုင်း
စစ်ဌာနချုပ်၊ အနောက်တိုင်းစစ်ဌာနချုပ်တို့ ပါဝင်လာခဲ့သည်။ ၁၉၄၄ ဧပြီ ၁၇ ရက်နေ့ စစ်ဆင်ရေးအမိန့်
အမှတ် ၁ ကို ထုတ်ပြန်ခဲ့ပြီး ဗမာ့တပ်မတော်မှ အနောက်မြောက်တိုင်း၊ အနောက်တိုင်းနှင့် ရန်ကုန်တိုင်း
စစ်ဌာနချုပ်ဟူ၍ တိုင်း ၃ တိုင်း သတ်မှတ်ကြောင်း ကြေညာခဲ့သည်။
၁၉၄၅ ခုနှစ်၊ မေလတွင် မဟာမိတ်တို့ ရန်ကုန်ကို ပြန်လည်သိမ်းပိုက်ပြီးနောက် ဒုတိယ်ဗိုလ်ချုပ်ကြီး စတော့
ဖိုစ်က မြန်မာနိုင်ငံကို တောင်ပိုင်းတိုင်းနှင့် မြောက်ပိုင်းတိုင်းစစ်ဒေသ နှစ်ရပ်ခွဲခြားသတ်မှတ်ခဲ့သည်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရန်ကုန်တွင်လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မန္တလေးတွင်
လည်းကောင်း အခြေစိုက်ခဲ့ပြီး ဗမာ့တပ်မတော်စစ်ဌာနချုပ်ကို မင်္ဂလာဒုံတွင် အခြေစိုက်ဖွင့်လှစ်ခဲ့သည်။
၁၉၄၇ ခုနှစ်တွင် ဗမာ့တပ်မတော်စစ်ဌာနချုပ်ကို ဖွဲ့စည်းခဲ့ပြီး စစ်မှုရေးရာကိစ္စများကို စီမံကွပ်ကဲနိုင်ရန်
တောင်ပိုင်းတိုင်းနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၂ ခု ခွဲခြားသတ်မှတ်၍ လုပ်ဆောင်ခဲ့သည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရယူပြီးသည့်နောက်တွင်လည်း တောင်ပိုင်းတိုင်းနှင့် မြောက်ပိုင်းတိုင်း စစ်ဌာန
ချုပ် ၂ ခုသာ ရှိခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် တိုင်းစစ်ဌာနချုပ် ၂ ခုအစား တိုင်းစစ်ဌာနချုပ် ၅ ခုဖြင့် ပြောင်းလဲ
ဖွဲ့စည်းခဲ့သည်။ အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့သည့် တိုင်းစစ်ဌာနချုပ်များတွင် မန္တလေးမြို့အခြေစိုက် အနောက်
မြောက်တိုင်းစစ်ဌာနချုပ်၊ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ မော်လမြိုင်မြို့အခြေ
စိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်မြို့ အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် မင်္ဂလာဒုံ
အခြေစိုက်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ ပါဝင်လာခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ရန်ကုန်မြို့၏လုံခြုံရေး
ကိစ္စများကို တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ် (ယာယီ)ကို ဖွဲ့စည်းခဲ့ပြီး ၁၉၆၅
ခုနှစ် ဇွန် ၁ ရက်နေ့တွင် မင်္ဂလာဒုံ အခြေစိုက် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဖြစ်လာခဲ့သည်။ ၁၉၇၂ ခုနှစ်တွင်
တိုင်းစစ်ဌာနချုပ် ၉ ခုအထိ ရှိလာခဲ့ပြီး ထပ်မံဖွဲ့စည်းခဲ့သည့် တိုင်းစစ်ဌာနချုပ်များမှာ မြစ်ကြီးနားမြို့
အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ လားရှိုးမြို့အခြေစိုက်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ စစ်တွေ
မြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ ဖြစ်ကြသည်။ ၎င်းအပြင် ယခင်က မင်္ဂလာဒုံတွင်
အခြေစိုက်ခဲ့သည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တောင်ငူမြို့တွင် ပြောင်းလဲအခြေစိုက်ခဲ့သည်။